1 အဲကျောန့် ငါလို့ဟ ခရစ်တော်နဲ့ဆိုင်သော အခြေခံ သွန်သင်ချက်ဟို ချန်ထားယွေ့ စုံလင်ခြင်းဟို တက်လှမ်းကြစို့။ အဲအခြေခံ တရားများဟို နင်လို့အား ငါလို့ သွန်သင်ပေးပင်း ဖြစ်သဖြင့် ထပ်မံ သွန်သင်ပေးရန် မသင့်၊ အကျိုးမပေးတတ်လဲ့ အကျင့်များဟို စွန့်ကာ ဘုရားသခင်အား ယုံကြည်ရန် လိုအပ်ကျောန်း နင်လို့ သိဆိကြပင်း ဖြစ်အယ်၊ 2 နင်လို့ဟ နှစ်ခြင်းမင်္ဂလာ[a]ဟို သွန်သင်ခြင်း၊ လက်တင်ခြင်း၊ သေခြင်းမှ ဆှင်ပြန်ထမြောက်ခြင်းနဲ့ ထာဝရ တရားစီရင်ခြင်းအကျောန်း နင်လို့အား သင်ကြားပင်း ဖြစ်အယ်။ 3 ဘုရားသခင် ခွင့်ပြုရင် ငါလို့ဟ အဲလိုပြုကြမယ်။
4 မိမိယုံကြည်ခြင်းဟို စွန့်သူလို့အား နောက်တဖန် စလို နောင်တရစေနိန်မလုန်း။ အရင်ဟ အဲသူလို့သည် ဘုရားသခင်ရဲ့ အလင်းတွင် ကျင်လည်ယွေ့ ခေါန်းခင် ဆုကျေးဇူးဟို မြည်းစမ်းရပင်းရင် သန့်ဆှင်းသော ဝိညာဉ်တော်ဟို ခံယူခဲ့ကြပီ၊ 5 ဘုရားသခင်ရဲ့ ကောင်းမြတ်သော နှုတ်ကပတ်တော်နဲ့ နောင်ကပ်ကာလရဲ့ တန်ခိုးများဟို လည်းကောင်း၊ ကိုယ်တွေ့ ခံစားခဲ့ရသူများ ဖြစ်ကြအယ်။ 6 အဲပင်းရင် သူလို့ဟ ဖောက်ပြန်ကြအယ်၊ သူလို့ဟ ဘုရားသခင်ရဲ့ သားတော်ဟို လက်ဝါးကပ်တိုင်တွင် တဖန် တင်ယွေ့ အဆှက်ကွဲစေသောသူများ ဖြစ်ကြသောကျောန့် သူလို့ဟို အသစ်တဖန် နောင်တရခြင်းဟို မရောက်စေနိန်။
7 အကျောန်းမှာ မြေကြီးဟ မိမိအပေါ် အကြိမ်ကြိမ်ကျသော မိုးယေဟို သောက်လျက် ထွန်ယက် စိုက်ပျိုးသောသူလို့အတွက် အသုံးဝင်လဲ့ အသီးအနှံများဟို ဖြစ်ထွန်းစေရင် ဘုရားသခင်ဆေမှ ကောင်းချီးမင်္ဂလာဟို ခံစားရအယ်။ 8 အားပေမဲ့ ဆူးပင်နဲ့ ဆူးလေပင်များဟို ပေါက်စေရင် လုံးလုံး တန်ဖိုး မဆိတော့ဘဲ ဘုရားသခင်ရဲ့ ကျိန်ခြင်း ခံရလျက် နောက်ဆုံးနှိုက် မီးရှို့ခြင်း ခံရလိမ့်မယ်။
9 ချစ်သောသူလို့၊ ငါလို့ဟ ဟေလို ပြောဆိုကြသော်လည်း နင်လို့အတွက်မူ ကယ်တင်ခြင်းနဲ့ ယှဉ်တွဲလဲ့ ပိုယွေ့ ကောင်းသောအရာများ ဆိတာဟု ငါလို့ ယုံကြည်စိတ်ချကြအယ်။ 10 အကျောန်းမှာ ဘုရားသခင်ဟ နင်လို့ရဲ့ လုပ်ဆောင်မှုဟို လည်းကောင်း၊ သန့်ဆှင်းသူလို့ဟို မခင်ဟ နင်လို့ လုပ်ကျွေးပြုစုသလို အခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်ရဲ့ နာမတော်ဟို ထောက်ယွေ့ နင်လို့ပြသော ချစ်ခြင်းမေတ္တာလို့ဟို လည်းကောင်း၊ မေ့လျော့လဲ့တိုင်အောန် တရားမျှတမှု ကင်းမဲ့တာ မဟုတ်။ 11 နင်လို့ဆိသမျှဟ နောက်ဆုံးနှိုက် မိမိလို့ရဲ့ မျော်လင့်ချက် ပြေ့စုံလာလဲ့တိုင်အောန် အခုအတိုင်း ဆက်လက်ယွေ့ စိတ်အားထက်သန်စေရန် ငါလို့ အလိုဆိကြအယ်။ 12 ငါလို့ဟ ပစာအခါမျှ ပျင်းရိသူများ မဖြစ်စေလို၊ အားပေမဲ့ ယုံကြည်ယွေ့ သည်းခံနိန်မှု ဆိသဖြင့် ဘုရားသခင် ကတိထားသော ကျေးဇူးများဟို ခံယူကြများတိုင်းတိုင်း ပြုမှုကျင့်ကြံစေလိုအယ်။
Languages