ယာကုပ် ပါးမှ ပီးစာ နိဒါန်း ယာကုပ်ပါးမှ ပီးစာ သည် ယာကုပ်ကိုယ်တိုင် ရီးသားခသောစာဖြစ်၏။ သူသည် ကနဦးအသင်းတော်၏ ခေါင်းဆောင်တစ်ယောက် ဖြစ်သည့်အပြင် ယေရုဆလင်မြို့တော်ကောင်စီ၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သော ယေသျှု၏ညီတော် ယာကုပ် ဖြစ်နိုင်၏ (တ ၁၅.၁၃)။ တမန်တော်ပေါလု၏ ဂလာတိအသင်းတော်သို့ ပီးသော စာစောင် ၂.၉ တွင် သူ့ကို အသင်းတော်၏ အရေးပါသော သူတစ်ယောက်ဟု ပြောဆိုထား၏။ ဤစာကို ခရစ်တော်မွီးဖွားပြီးနောက် ၅၀ ခုနှစ်ခန့်တွင် ရီးသားခကြောင်း ပညာသျှင်ရို့က ယုံကြည်ထားကြ၏။ ယာကုပ်သည် ယေရုဆလင်မြို့အသင်းတော်၏ ခေါင်းဆောင်တစ်ဦး ဖြစ်သောကြောင့် ထိုမြို့၌ နီထိုင်စဉ်တွင် ဤစာစောင်ကို ရီးသားခခြင်း ဖြစ်နိုင်၏။ ယာကုပ်သည် မိမိ၏စာစောင်ကို “နိုင်ငံအရပ်ရပ်၌ ပြန့်နှံ့လျက်ဟိကြသော လူမျိုး ၁၂ မျိုး” ကို ရည်ညွန်းရီးသားထားခြင်းဖြစ်၏ (၁.၁)။ သို့သော်လည်း ယာကုပ်ပါးမှ ပီးစာ၏ သင်ခန်းစာများသည် ခရစ်ယာန်အားလုံးနှင့် သက်ဆိုင်ပေ၏။ သို့ရာတွင် “လူမျိုး ၁၂ မျိုး” ဟု ဖော်ပြထားသော စကားလုံးများအရ ယာကုပ်သည် ယုဒလူမျိုး ခရစ်ယာန်တိကို တိုက်ရိုက် ရီးသားလိုက်ခြင်း ဖြစ်၏။ အကြောင်းမူကား ဤစာအုပ်သည် စာဖတ်ပရိသတ်များစွာကို ရည်ရွယ်ထားသောကြောင့် ခေါင်းစဉ်များစွာဖြင့် ဖော်ပြထားသောကြောင့်ဖြစ်၏။ ဤစာအုပ်၌ ယာကုပ်သည် ယုံကြည်ခြင်းနှင့် အကျင့်၏ အပြန်အလှန်ဆက်စပ်မှုကို ပေါ်လွင်အောင် ရီးသားထား၏။ စစ်မှန်သောယုံကြည်ခြင်းသည် အကျင့်အားဖြင့်သာ ထင်ရှားပေလိမ့်မည် (၂.၁၇)။ သူက လူချမ်းသာတိကို မျက်နှာမလိုက်ရန်လည်း သတိပီးထားသည် (၂.၁–၄)။ ထို့နောက် အပြောအဆိုတိကို သတိထားကြရန်လည်း ငါရို့ကို ဆုံးမထား၏ (၃.၁–၁၂)။ အကြောင်းအရာ အကျဉ်းချုပ် ၁။ ယာကုပ်သည် သူ၏ စာဖတ်ပရိသတ်များကို နှုတ်ဆက်ခြင်း (၁.၁) ၂။ ထို့နောက် ခရစ်ယာန်များ ဆင်းရဲဒုက္ခ ခံကြရသောအခါ သည်းခံကြရန် အားပီးတိုက်တွန်းထားခြင်း (၁.၂–၂၇) ၃။ ထို့အပြင် သူက ယုံကြည်ခြင်းကို အကျင့်ဖြင့် ဖော်ပြရန် လိုအပ်ကြောင်း ဆုံးမထားခြင်း (၂.၁–၂၆) ၄။ တဖန် တန်ခိုးကြီးသော နှုတ်ကပတ်တော်သည် ဇာပိုင် လုပ်ဆောင်နိုင်ကြောင်းကို ပြောပြထားခြင်း (၃.၁–၁၂) ၅။ ဘုရားသခင်၏ပညာသည် လောကီပညာနှင့် ခြားနားကြောင်းကို ယာကုပ်က ယှင်းပြထားခြင်း (၃.၁၃—၄.၁၀) ၆။ တဖန် စာဖတ်ပရိသတ်အား ကြွားဝါခြင်းကို ယှောင်ယှားကြရန် သတိပီးထားခြင်း (၄.၁၁—၅.၆) ၇။ အခန်း ၅ တွင် ယာကုပ်သည် ညွှန်ကြားချက်အချို့ကို ပီးထားကာ ဤစာစောင်ကို နိဂုံးချုပ်ထားခြင်း (၅.၇–၂၀)
13 ဇာသူမဆို ဖျားယောင်းသွီးဆောင်ခြင်းကို ခံရသည့်အခါ “ဘုရားသခင်က မိမိအား သွီးဆောင်သည်” ဟု မပြောကတ်ကေ့။ အကြောင်းမူကား မကောင်းသောအမှုအရာအားဖြင့် ဘုရားသခင်ကို မသွီးဆောင်နိုင်။ ကိုယ်တော်သည်လည်း ဇာသူ့ကိုမျှ သွီးဆောင်တော်မမူ။ 14 သို့ရာတွင် စုံစမ်းသွီးဆောင်ခြင်းကို ခံရသောသူသည် မိမိတပ်မက်စိတ်၏ဆွဲဆောင်ရာသို့ လိုက်ပါခြင်းဖြစ်၏။ 15 တဖန် တပ်မက်သောစိတ်သည် ပဋိသန္ဓေ တည်၍ အပြစ်ကို မွီးဖွားတတ်၏။ အပြစ်သည်လည်း ကြီးပြင်းလာသောအခါ သီခြင်းတရားကို မွီးဖွားတတ်၏။
16 ငါချစ်သော ညီအစ်ကို မောင်နှမရို့၊ လှည့်ဖျားခြင်းကို မခံကတ်ကေ့။ 17 ကောင်းမြတ်၍ ပြီးပြည့်စုံသော လက်ဆောင်ဟူသည်ကား ကောင်းကင်ဘုံနှင့်ဆိုင်သော အလင်းကို ဖန်ဆင်းတော်မူသော ဘုရားသခင် ထံတော်ပါးမှ ဆင်းသက်လာခြင်းဖြစ်၏။ ထိုအဖ သည်ကား ရွိ့လျားတတ်သော အရိပ်ကဲ့သို့ ပြောင်းလဲနိန်သည်မဟုတ်။ 18 ကိုယ်တော်သည် မိမိဖန်ဆင်းတော်မူသော အရာအားလုံးတွင် အဦးသီးသောအသီးများ ဖြစ်လာစီရန် သမ္မာတရားနှင့်ဆိုင်သော နှုတ်ကပတ်တော်အားဖြင့် ငါရို့ကို မွီးဖွားစီခြင်းငှာ ရွီးချယ်တော်မူခ၏။
22 နှုတ်ကပတ်တော်ကို နားထောင်ရုံ မျှဖြင့် မိမိကိုယ်ကို လှည့်ဖျားသောသူများ မဖြစ်စီကြဘဲ၊ လက်တွိ့ ကျင့်သုံးသောသူတိ ဖြစ်စီကြလော့။ 23 မည်သူမဆို နှုတ်ကပတ်တော်ကို နားထောင်သော်လည်း လက်တွိ့မကျင့်သုံးသောသူသည် မိမိ၏ပကတိမျက်နှာကို မှန်၌ ကြည့်သော သူတစ်ယောက်နှင့် တူ၏။ 24 အကြောင်းမူကား ထိုသူသည် မိမိ၏ပုံပန်းသဏ္ဌာန်ကို ကြည့်ပြီးနောက် အဝီးသို့ ထွက်လားသည်နှင့် ချက်ချင်း မိ့လျော့လားတတ်၏။ 25 သို့ရာတွင် လွတ်မြောက်ခြင်းကို ပီးတတ်သော စုံလင်သည့် ပညတ်တော်ကို စိ့စိ့ကြည့်ရှုလျက် ထိုပညတ်တော်အတိုင်း ကျင့်သောသူသည် ကြားနာထားပြီးသော အရာများကို မိ့လျော့ခြင်းမဟိဘဲ၊ လက်တွိ့ လိုက်နာကျင့်သုံးသောသူဖြစ်၏။ ထိုသူသည် မိမိပြုသောအမှု၌ ကောင်းကြီးမင်္ဂလာကို ခံစားရလိမ့်မည်။
26 တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို ဘာသာတရားကြည်ညိုသည်ဟု ထင်မှတ်လျက်၊ မိမိ၏လျှာကို မချုပ်တည်းလျှင် ထိုသူသည် မိမိကိုယ်မိမိ လှည့်ဖျားသောသူဖြစ်ပြီး သူ၏ ဘာသာတရားကြည်ညိုခြင်းသည်လည်း အချည်းနှီးသာဖြစ်၏။ 27 ငါရို့၏အဖ ဘုရားသခင် လက်ခံတော်မူသော ဘာသာတရားကြည်ညိုခြင်း ဟူသည်မှာ သန့်ယှင်းစင်ကြယ်၍ အပြစ်ကင်းခြင်း၊ ဆင်းရဲဒုက္ခရောက်နိန်ကြသည့် မိဖမဟိသော အသျှေတိနှင့် မုဆိုးမတိကို ကြည့်ရှုစောင့်ရှောက်ခြင်း၊ ကိုယ်တိုင်လည်း လောကီအညစ်အကြေးများနှင့် ကင်းစင်စီခြင်းပင် ဖြစ်၏။
ယာကုပ် 2 ->- a မ ၁၃.၅၅; မာ ၆.၃; တ ၁၅.၁၃; ဂလာ ၁.၁၉
Languages