6 ဤသို့သောအရာများကို ပျင်ဆင်ထားပြီးနောက် ယဇ်ပုရောဟိတ်တိသည် မိမိရို့၏တာဝန်များကို ဆောင်ရွက်ရန် နိ့တိုင်း တဲတော်၏ပထမခန်းထဲသို့ ဝင်ကြရ၏။ 7 သို့ရာတွင် ယဇ်ပုရောဟိတ်မင်း တစ်ပါးတည်းသာ တဲတော်၏ ဒုတိယခန်းထဲသို့ ဝင်ရ၏။ ထိုသို့ ဝင်ရသည်မှာလည်း တစ်နှစ်လျှင် တစ်ကြိမ်သာ ဝင်ရ၏။ သူသည် မိမိအတွက်လည်းကောင်း၊ မသိ၍ ပြစ်မှားမိသော လူတိအပြစ်အတွက်လည်းကောင်း ကိုယ်စားပြု၍ ဘုရားသခင်အား ပူဇော်ရန် အသွီးကို မိမိနှင့်တပါတည်း ယူဆောင်လားရ၏။ 8 တဲတော်၏ပထမအခန်း တည်ဟိနိန်သမျှ ကာလပတ်လုံး အသန့်ယှင်းဆုံးနီရာသို့ ဝင်ရောက်ရန် လမ်းဖွင့်ထားခြင်း မဟိသိမ့်ကြောင်းကို ဤပျင်ဆင်ထားသောအရာများအားဖြင့် သန့်ယှင်းသောဝိညာဉ်တော်က ယှင်းလင်းစွာ ဖော်ပြလျက်ဟိ၏။ 9 ဤအရာများသည် အဂုမျက်မှောက်ကာလအတွက် ညွှန်ပြထားသော ပုံဆောင်ထားခြင်းသာ ဖြစ်ကြ၏။ ဘုရားသခင်အား ဆက်ကပ်ထားသော ပူဇော်သကာများနှင့် ယဇ်ကောင်များသည် ဝတ်ပြုသူများ၏စိတ်ကို ပြည့်စုံစီခြင်းငှာ ဆောင်ရွက်မပီးနိုင်ဟု အဓိပ္ပာယ်ရ၏။ 10 အကြောင်းမူကား ထိုအရာများသည် စားသောက်ဖွယ်ရာများနှင့် အမျိုးမျိုးသော သန့်ယှင်း စင်ကြယ်ခြင်းဝတ်နှင့်သာ ဆိုင်ကြ၏။ ဤအရာများသည် ပြင်ပလက္ခဏာများဆိုင်ရာ စည်းမျဉ်းများသာဖြစ်ကြ၏။ ဘုရားသခင်သည် အသစ်သော ပညတ်တော်ကို ချပီးသောအချိန်ကာလ ရောက်လာသည့်တိုင်အောင်အထိသာလျှင် ထိုအရာများသည် အထောက်အပံ့ပြုကြ၏။
11 သို့ရာတွင် ခရစ်တော်သည် ကောင်းသောအရာအားလုံး၏ ယဇ်ပုရောဟိတ်မင်းအဖြစ်ဖြင့် ကြွလာတော်မူ၏။[a] ကိုယ်တော် အမှုတော်ဆောင်သည့် တဲတော်သည် သာ၍ ကြီးမြတ်ပြည့်စုံတော်မူ၏။ အကြောင်းမူကား ထိုတဲတော်သည် လူ့လက်ဖြင့် တည်ဆောက်ထားသောအရာ မဟုတ်သည့်အပြင် ဖန်ဆင်းခံဖြစ်သော ဤလောက၏အရာများနှင့်လည်း မသက်ဆိုင်ပေ။ 12 ခရစ်တော်သည် လူသားအာလုံးအတွက် ပူဇော်သကာဆက်ကပ်ခြင်းငှာ တဲတော်၏အသန့်ယှင်းဆုံးသော နီရာသို့ ဝင်သောအခါ ဆိတ်၏အသွီး၊ နွား၏အသွီးများကို ယူဆောင်၍ ဝင်တော်မူခြင်း မဟုတ်၊ မိမိ၏အသွီးတော်ကို ယူဆောင်၍ ဝင်တော်မူခြင်းအားဖြင့် ငါရို့အား ထာဝရ ကယ်တင်ခြင်းကို ပီးတော်မူ၏။ 13 ဆိတ်၏အသွီး၊ နွား၏အသွီးနှင့် နွားမတမ်း၏ပြာများကို မစင်ကြယ်သောသူတိကို ဖြန်းခြင်းအားဖြင့် သူရို့သည် မိမိရို့၏ဘာသာတရားဆိုင်ရာ စင်ကြယ်ခြင်းသို့ ရောက်ကြသည် 14 မှန်လျှင် ခရစ်တော်၏အသွီးတော်သည် မည်မျှလောက်ထိ စင်ကြယ်ခြင်းသို့ ရောက်ကြပါမည်နည်း။ ခရစ်တော်သည် ထာဝရဝိညာဉ်တော်အားဖြင့် ပြည့်စုံသော ပူဇော်သကာအဖြစ် မိမိကိုယ်ကို ဘုရားသခင်အား ပူဇော်ပီးခ၏။ ကိုယ်တော်၏အသွီးတော်သည် သီခြင်းတရားနှင့်ဆိုင်သော အကျင့်များမှ ငါရို့၏စိတ်ဝိညဉ်ကို သန့်ယှင်းစီလိမ့်မည်။ အကြောင်းမူကား ငါရို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်မြတ်ကို ဆောင်ရွက်နိုင်ကြစီရန် ဖြစ်၏။
15 ထို့ကြောင့် ခရစ်တော်သည် အသစ်သောပဋိညာဉ်ကို ပျင်ဆင်တော်မူသော ကြားဝင်စိ့စပ်ပီးသူ ဖြစ်၏။ အကြောင်းမူကား ဘုရားသခင်သည် မိမိခေါ်ထားတော်မူသော သူရို့အား ကတိပီးထားတော်မူသည့် ထာဝရကောင်းကြီးမင်္ဂလာများကို ရကြစီခြင်းငှာ ဖြစ်၏။ ပထမပဋိညာဉ်တရား အောက်၌ ပြစ်မှားမိခသော လူတိကို အပြစ်မှ လွတ်မြောက်ရန် ကိုယ်တော်သည် အသီခံ ပီးတော်မူခ၏။
16 သီတမ်းစာတစ်စောင် တရားဝင်ဖြစ်လာစီခြင်းငှာ ထိုသီတမ်းစာကို ရီးသားထားသောသူသည် သီဆုံးလားပြီဖြစ်ကြောင်းကို သက်သီပြဖို့ရန် လိုအပ်၏။ 17 ထိုသီတမ်းစာကို ရီးသားထားသောသူသည် အသက်မသီသိမ့်လျှင် ထိုသီတမ်းစာသည် တရားမဝင်သိမ့်၊ ထိုသူ သီပြီးမှသာ တရားဝင်လာ၏။ 18 ထို့ကြောင့် ပထမပဋိညာဉ်တရား[b]ပင်လျှင် အသွီးအားဖြင့်သာ တည်၏။ 19 အစဦးကပင် မောသျှေသည် ပညတ်တော်၌ ပါသော တရားအားလုံးကို လူတိအား ကြော်ငြာပြီးသောအခါ ရီနှင့်ရောထားသော နွား၏အသွီး၊ ဆိတ်၏အသွီးများကို ယူ၍ အနီရောင်သိုးမွှီးနှင့် ဟုဿုပ်ပင်ညွန့်ကို အသုံးပြုကာ ကျမ်းစာလိပ်ကိုလည်းကောင်း၊ လူတိအားလုံးကိုလည်းကောင်း ဖြန်းလေ၏။ 20 ထို့နောက် မောသျှေက “ဤအသွီးသည်ကား သင်ရို့ နာခံကြစီခြင်းငှာ ဘုရားသခင် ပညတ်တော်မူသော ပဋိညာဉ်တရား၏ သက်သီဖြစ်၏” ဟု မိန့်တော်မူ၏။ 21 ထိုနည်းအတိုင်း မောသျှေသည် တဲတော်နှင့်တကွ ဝတ်ပြုရာ၌ အသုံးပြုသော အရာအားလုံးကို အသွီးနှင့် ဖြန်းလေ၏။ 22 အကယ်စင်စစ် ပညတ်တရားအရ အရာအားလုံးနီးပါးသည် အသွီးအားဖြင့်သာလျှင် သန့်ယှင်းစင်ကြယ်ခြင်းသို့ ရောက်ကြရ၏။ အကြောင်းမူကား အသွီး သွန်းလောင်းခြင်း မဟိလျှင် အပြစ်လွှတ်ခြင်း မဟိ။
Languages