6 ညီအစ်ကိုမောင်နှမရို့၊ သင်ရို့အဖို့အလို့ငှာ ဤအကြောင်းအရာများတွင် အာပေါလုနှင့် ငါ့ကို ပုံဆောင်၍ ဖော်ပြထား၏။ ထိုသို့ ဖော်ပြရခြင်းမှာ “ကျမ်းစာကို မကျော်လွန်ကေ့” ဟု ပြောသောအရာများ၏ အနက်ကို ငါရို့ပါးမှ သင်ယူနိုင်ကြစီခြင်းငှာ ဖြစ်၏။ သင်ရို့သည် တစ်ဦးကို ချီးမွမ်းပြီး အခြားတစ်ဦးကို မထီလေးစားမပြုကတ်ကေ့။ 7 ဇာသူသည် သင်ရို့ကို သူတစ်ပါးထက် ထူးကဲစီပါသနည်း။ သင်ရို့၌ ဟိသမျှသောအရာသည် ဘုရားသခင်ချပီးတော်မူသော အရာများပင် မဟုတ်ပါလော။ ယင်းသို့ဖြစ်လျက်ပင် ဘုရားသခင် ချပီးတော်မူသော ဆုကျေးဇူးတိ မဟုတ်သကဲ့သို့ သင်ရို့သည် ဇာကြောင့် ဝါကြွားကြသနည်း။
8 သင်ရို့သည် လိုအပ်သမျှ ပြည့်စုံကြပြီလော။ ချမ်းသာကြွယ်ဝကြပြီလော။ ငါရို့သည် ဘုရင်မဖြစ်ဘဲ သင်ရို့သည် ဘုရင်ဖြစ်ကြပြီလော။ သင်ရို့ ဘုရင် ဖြစ်မှသာလျှင် ငါရို့လည်း သင်ရို့နှင့်အတူ စိုးစံနိုင်ကြမည်ဖြစ်သောကြောင့် သင်ရို့သည် အမှန်ပင် ဘုရင်များဖြစ်ကတ်ပါစီဟု ငါသည် ဆန္ဒပြု၏။ 9 လူထုရှိ့၌ အသီသတ်ဖို့ ထားသောသူများကဲ့သို့ တမန်တော်တိဖြစ်ကြသော ငါရို့ကို ဘုရားသခင်သည် လောကီသားများနှင့် ကောင်းကင်တမန်တိ ရှုစားကြစီခြင်းငှာ နောက်ဆုံး၌ ထုတ်ပြရန် ဖြစ်သည်ဟု ငါထင်မှတ်၏။ 10 ငါရို့သည် ခရစ်တော်အဖို့ ရူးသွပ်သောသူများဖြစ်ရ၏။ သို့သော် သင်ရို့ကား ခရစ်တော်၌ ပညာဟိများ ဖြစ်ကြ၏။ ငါရို့သည် အားနည်းသော သူများဖြစ်ကာ၊ သင်ရို့မူကား သန်စွမ်းသောသူများဖြစ်ကြ၏။ ငါရို့မူကား အသရေမဲ့သောသူများဖြစ်ပြီး၊ သင်ရို့မူကား အသရေဟိသောသူများ ဖြစ်ကြပါသည်တကား။ 11 အဂုအချိန်ထိ ငါရို့သည် ငတ်မွတ်လျက်ဟိကြ၏။ ငါရို့၏ အဝတ်အစားများလည်း နွမ်းပါးစုတ်ပြဲလျက်ဟိကြ၏။ ရိုက်ပုတ်ညှဉ်းဆဲခြင်းကိုလည်း ခံရကြ၏။ တစ်နီရာမှ တစ်နီရာသို့ လှည့်လည်နိန်သော သူတိဖြစ်ကြ၏။ 12 [a]ငါရို့ကိုယ်တိုင် ကိုယ့်လက်ဖြင့် ပင်ပန်းစွာလုပ်ဆောင်ကြရ၏။ ငါရို့သည် ကျိန်ဆဲခြင်းကို ခံရသောအခါ ကောင်းကြီးပီးကြ၏။ ညှဉ်းဆဲခြင်းကို ခံရသောအခါ သည်းခံကြ၏။ 13 ရိုင်းပြစော်ကားခြင်းကို ခံရသောအခါ တောင်းပန် ကြ၏။ ငါရို့သည် အဂုတိုင်အောင် ဤလောက၏အညစ်အကြေးများကဲ့သို့ လည်းကောင်း၊ မြီကြီးသားအပေါင်းရို့၏ လူညံ့လူဖျင်းကဲ့သို့ လည်းကောင်း ဖြစ်ကြ၏။
14 ငါသည် ဤသို့ ရီးပီးလိုက်ခြင်းမှာ သင်ရို့အား အရှက်ခွဲလို၍ မဟုတ်။ ငါ၏ချစ်သော သားသမီးများကဲ့သို့ မှတ်၍ သင်ရို့အား သွန်သင်ခြင်းဖြစ်၏။ 15 သင်ရို့၏ယုံကြည်သူ အသက်တာ၌ သွန်သင်မည့်ဆရာ ၁၀,၀၀၀ ဟိသော်လည်း ဖခင် တစ်ဦးတည်းသာ ဟိ၏။ ငါသည် သတင်းကောင်းကို ယူဆောင်လာခြင်းအားဖြင့် သင်ရို့အသက်တာတွင် ခရစ်တော်ယေသျှု၌ သင်ရို့၏ဖခင် ဖြစ်လာ၏။ 16 [b]ထို့ကြောင့် ငါ၏စံနမူနာကို လိုက်ကြရန် ငါတိုက်တွန်းနှိုးဆော်၏။ 17 ဤအကြောင်းကြောင့် ငါသည် တိမောသေအား သင်ရို့ပါးသို့ ရွှတ်လိုက်၏။ သူသည် သခင်ဘုရား၌ ငါ နှစ်သက်မြတ်နိုးပြီးလျှင် သစ္စာဟိသော သားပင်ဖြစ်၏။ ခရစ်တော်ယေသျှုနောက်ကို ငါ ဇာပိုင်လိုက်လျှောက်သည် ကိုလည်းကောင်း၊ အရပ်ရပ်၌ဟိသော အသင်းတော်အပေါင်းရို့အား ငါဟောပြောသွန်သင်ခသော အရာတိကိုလည်းကောင်း သူသည် သင်ရို့အား သတိရစီပါလိမ့်မည်။
18 သင်ရို့အထဲမှ အချို့သောသူရို့က ငါသည် သင်ရို့ပါးသို့ မလာယာ ဟု ထင်မှတ်၍ မာနထောင်လွှားလျက် ဟိကြ၏။ 19 သို့ရာတွင် သခင်ဘုရားအလိုတော်ဟိလျှင် ငါသည် သင်ရို့ပါးသို့ မကြာမီ လာမည်။ ထိုအခါ ယင်းသို့ မာနထောင်လွှားသော သူရို့၏နှုတ်စကားကိုမျှသာ မဟုတ်ဘဲ၊ သူရို့၌ဟိသော တန်ခိုးကိုပင် ငါကိုယ်တိုင် သိရလိမ့်မည်။ 20 ဘုရားသခင်၏ နိုင်ငံတော်သည် စကား၌ မတည်။ တန်ခိုး၌သာ တည်၏။ 21 သင်ရို့သည် ဇာအရာကို အလိုဟိကြသနည်း။ ငါသည် ကြိမ်လုံးကိုကိုင်၍ သင်ရို့ပါးသို့ လာသည်ကို အလိုဟိကြသလော။ သို့တည်းမဟုတ် မေတ္တာနှင့်လည်းကောင်း၊ နူးညံ့သိမ်မွိ့သော စိတ်နှင့်လည်းကောင်း လာသည်ကို အလိုဟိကြသလော။
<- ၁ ကောရိန္သု 3၁ ကောရိန္သု 5 ->
Languages