ဖိလိပ္ပိ အသင်းတော်သို့ ပေါလု၏ ပီးစာ နိဒါန်း ပေါလုသည် ဤပီးစာကို ခရစ်တော်မွီးဖွားပြီးနောက် ၆၁ ခုနှစ် ဝန်းကျင်တွင် ဖိလိပ္ပိမြို့၌ဟိသော ယုံကြည်သူများပါးသို့ ရီးသားခခြင်းဖြစ်၏။ သူသည် ဤစာကို ရောမမြို့၌ ထောင်ကျနိန်စဉ် ရီးသားခခြင်း ဖြစ်နိုင်ပေ၏ (၁.၁၃)။ ဤစာကို ဖိလိပ္ပိမြို့တွင် ဟိသော အသင်းတော်သို့ ရီးသားခြင်းဖြစ်၏။ အကျွန်ရို့သည် ဖိလိပ္ပိမြို့အကြောင်းအချို့ကို တမန်တော်ရို့၏ လုပ်ဆောင်ချက် စာအုပ်တွင် လေ့လာနိုင်ပေသည်။ ဖိလိပ္ပိမြို့သည်ကား မာကေဒေါနိပြည်၏ မြို့တော်ဖြစ်သည်။ မာကေဒေါနိပြည်တွင် ပထမဦးဆုံးသော အသင်းတော်ကိုလည်း ထိုမြို့၌ တည်ထောင်ခ၏။ ထိုအသင်းတော်ကို ပေါလုနှင့် သိလရို့နှစ်ယောက် အတူတူ စတင်ခပြီး သူရို့သည် ထိုမြို့၌ နိန်စဉ် အချုပ်ထဲတွင် တစ်ညပင် ကျခ၏ (တ ၁၆ )။ ပေါလုသည် ဤစာကို ရီးသားရာတွင် ရည်ရွယ်ချက်များစွာ ဟိကောင်းဟိနိုင်ပေ၏။ သူသည် အသင်းတော်ကို ကျေးဇူးတင်သော အကြောင်းကို ရီးသားခ၏။ အကြောင်းမူကား သူသည် ထောင်ကျနိန်ကြောင်းကို ဖိလိပ္ပိမြို့၌ဟိသော ယုံကြည်သူရို့ ကြားကြသောအခါ လိုအပ်သောအရာများကို ထောက်ပံ့ကြသောကြောင့် ဖြစ်၏ (၄.၁၀–၁၉)။ သူသည်လည်း ထောင်၌ နိ့စဉ်နိ့တိုင်း မိမိတွိ့ကြုံရသော အခြေအနေများကိုလည်းကောင်း၊ တိမောသေနှင့် ဧပဖြောဒိတ်ရို့ကို အသင်းတော်မှ ကြိုဆိုရန်နှင့် သူရို့၏ ခေါင်းဆောင်မှုကို လေးစားကြစီရန် ထောက်ခံချက်များကိုလည်းကောင်း ထိုအသင်းတော်သို့ အသိပီးလေ၏ (၂.၁၉–၃၀)။ အကြောင်းအရာ အကျဉ်းချုပ် ၁။ ဤပီးစာအား ဖိလိပ္ပိမြို့၌ဟိသော အသင်းတော်သို့ ပေါလု၏ နှုတ်ဆက်ခြင်းဖြင့် အစပြုခြင်း (၁.၁–၂) ၂။ ထို့နောက်၊ သူသည် မိမိ၏အခြေအနေ အကြောင်းအချို့နှင့် ပူပင်သောက အချို့ကို မျှဝီခြင်း (၁.၃—၂.၃၀) ၃။ ထို့ပြင်၊ သူသည် ခရစ်ယာန်များ၏ ပြုမူနီထိုင်ခြင်းနှင့်ဆိုင်သော လမ်းညွှန်မှုများစွာကို ပီးခြင်း (၃.၁—၄.၉) ၄။ ပေါလုသည် ဖိလိပ္ပိအသင်းတော်မှ ထောက်ပံ့ခြင်းအတွက် ကျေးဇူးတင်ခြင်းဖြင့် အဆုံးသတ်ခြင်းနှင့် နှုတ်ဆက်ခြင်း (၄.၁၀–၂၃)
9 သင်ရို့အဖို့ ငါ၏ဆုတောင်းသောအရာမူကား၊ သင်ရို့၏ ချစ်ခြင်းမေတ္တာသည် မှန်သောအသိပညာ၊ ပိုင်းခြားဝေဖန်တတ်သော စွမ်းရည်တိ၌ တိုးလာကြစီရန်ပင်ဖြစ်၏။ 10 သို့မှသာ သင်ရို့သည် ခရစ်တော်ကြွလာတော်မူသော နိ့ရက်၌ အပြစ်ဆိုဖွယ်ရာ မဟိဘဲ မသန့်ယှင်းခြင်းနှင့် ကင်းစင်လိမ့်မည်။ 11 ထို့နောက် ဘုရားသခင်၏ ဘုန်းတော် ထွန်းတောက်စီရန်နှင့် ချီးမွမ်းကြစီရန် ယေသျှုခရစ်တော်အားဖြင့်သာ ဖြောင့်မတ်ခြင်းအသီးနှင့် ပြည့်စုံလိမ့်မည်။
15 အချို့သောသူရို့သည် မနာလိုသောစိတ်၊ ရန်တွိ့ချင်သောစိတ်ကြောင့် ခရစ်တော်အကြောင်းကို ဟောပြောကြသော်လည်း အချို့သောသူရို့မူကား စေတနာစိတ်နှင့် ဟောပြောကြ၏။ 16 ဘုရားသခင်သည် ငါ့အား ခရစ်တော်၏ ဧဝံဂေလိတရားကို ကာကွယ်ဟောပြောရန် ခန့်ထားတော်မူကြောင်းကို ဤသူရို့သည် သိသဖြင့် မေတ္တာစိတ်နှင့် ဟောပြောကြ၏။ 17 အခြားသောသူရို့ကား ခရစ်တော်၏ အကြောင်းကို ဖြူစင်သောစိတ်ဖြင့် မဟောပြောကြဘဲ၊ ကျော်ကြားလိုသောစိတ်ဖြင့် ဟောပြောကြ၏။ သူရို့၏အကြံသည်ကား အကျဉ်းခံနိန်ရသော ငါ့အား ပို၍ စိတ်ဒုက္ခရောက်စီခြင်းပင်ဖြစ်၏။
18 ထိုသို့ မှားယွင်းသော ရည်ရွယ်ချက်ဖြင့် ဖြစ်စီ၊ မှန်ကန်သောရည်ရွယ်ချက်ဖြင့် ဖြစ်စီ ဟောပြောသည်ကား ငါ့အဖို့ အရေးမကြီး။ အကြောင်းမူကား ခရစ်တော်အကြောင်းကို ဟောပြောခြင်းသာ ဖြစ်သဖြင့် ငါဝမ်းမြောက်၏။ ဆက်လက်၍ ဝမ်းမြောက်လျက် နိန်မည်။ 19 အကြောင်းမူကား သင်ရို့၏ ဆုတောင်းပတ္ထနာကြောင့် လည်းကောင်း၊ ယေသျှုခရစ်တော်၏ ဝိညာဉ်တော်ထံမှ ကူညီစောင်မမှုကြောင့် လည်းကောင်း ငါသည် ဤအမှုမှ လွတ်မြောက်မည်ဟု သိသောကြောင့်ဖြစ်၏။[d] 20 ငါသည် ဇာခါ၌မျှ မိမိ၏တာဝန်ကို မပျက်မကွက်ဘဲ အခါခပ်သိမ်း၌ လည်းကောင်း၊ အထူးသဖြင့် အဂုအခါ၌လည်းကောင်း ရဲရင့်ခြင်းနှင့် ပြည့်စုံလျက် ငါသည် အသက်ရှင် သည်ဖြစ်စီ၊ သီကျလားသည်ဖြစ်စီ၊ ငါ့ အစွမ်း[e]ဟိသမျှနှင့် ခရစ်တော်၏ ဘုန်းတော် ထင်ရှားလာနိုင်စီရန် မျှော်လင့်တောင့်တ၏။ 21 အကြောင်းမူကား ငါ့အဖို့မှာ အသက်ရှင်ခြင်းသည် ခရစ်တော်ပင် ဖြစ်၏။ သီလျှင်မူကား သာ၍ အကျိုးဟိ၏။ 22 သို့ရာတွင် အကယ်၍ ငါသည် ဆက်လက်အသက်ရှင်ခြင်းအားဖြင့်၊ ပိုမို အကျိုးပြုနိုင်မည်ဆိုပါက၊ အသက်ရှင်ခြင်းနှင့် သီဆုံးခြင်းတွင် ဇာချင့်ကို ရွီးချယ်ရမည်နည်း။ 23 ငါ၌ စိတ်နှစ်ခွဖြစ်လျက်နိန်ပေ၏။ ငါသည် ဤဘဝကို စွန့်၍ ခရစ်တော်နှင့်အတူ နိန်လိုပါ၏။ အကြောင်းမူကား ထိုသို့ပြုလျှင် ငါ့အဖို့ သာ၍ အကျိုးဟိ၏။ 24 သို့သော် သင်ရို့၏အကျိုးကို ထောက်၍ ငါသည် အသက်ရှင်လျက် နိန်ခြင်းငှာ ပို၍ အရေးကြီး၏။ 25 ဤသို့ ယုံကြည်စိတ်ချသဖြင့် ငါသည် သင်ရို့ နှင့်အတူနီမည်။ သင်ရို့အား တိုးပွားစီရန်နှင့် ယုံကြည်ခြင်း၌ ဝမ်းမြောက်စီရန် ငါသည် သင်ရို့နှင့်အတူ နီရမည်ကို သိ၏။ 26 သို့ဖြစ်၍ ငါသည် သင်ရို့နှင့် တဖန် ဟိနိန်ခွင့်ရသောအခါ၌ ခရစ်တော်ယေသျှု၌ သင်ရို့သည် ငါ့အတွက်ကြောင့် ပို၍ပင် ဂုဏ်ယူဝါကြွားနိုင်ကြလိမ့်မည်။
27 အဂု သင်ရို့အဖို့ အရေးကြီးသည့်အရာမှာ ခရစ်တော်၏ ဧဝံဂေလိတရားတော်နှင့်အညီ သင်ရို့သည် ပြုမူနီထိုင်ကြလော့။ ငါသည် သင်ရို့ပါးသို့ လာပြီး တွိ့နိုင်သည်ဖြစ်စီ၊ တွိ့ဖို့ရန် ပျက်ကွက်သည်ဖြစ်စီ၊ ဧဝံဂေလိတရားနှင့်ဆိုင်သော ယုံကြည်ခြင်းအဖို့အလို့ငှာ တစ်စိတ်တစ်ဝမ်းတည်း၊ ရည်ရွယ်ချက် တစ်ခုတည်းဖြင့် ရပ်တည်၍ သင်ရို့သည် တိုက်ပွဲဝင်လျက် ဟိကြကြောင်းကို ငါကြားရလို၏။ 28 သင်ရို့၏ ရန်သူတိကို မကြောက်ကတ်ကေ့။ အစဉ်အမြဲ ရဲရင့်ကြလော့။ ဤသည်ပင်လျှင် ရန်သူရို့၌ ပျက်စီးခြင်း လက္ခဏာဖြစ်၏။ သင်ရို့အဖို့မူကား ဘုရားသခင်ထံပါးမှ လာသော ကယ်တင်ခြင်း၏ လက္ခဏာဖြစ်၏။ 29 သင်ရို့သည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် သာမက ကိုယ်တော့်အဖို့ ဆင်းရဲဒုက္ခကို ခံခြင်းအားဖြင့်လည်း ကိုယ်တော်၏အမှုတော်ကို ဆောင်ရွက်ရန် အခွင့်ထူးကို ရဟိကြ၏။ 30 [f]အဂု သင်ရို့သည် ငါနှင့်အတူ တိုက်ပွဲကို ဝင်နိုင်ကြပြီ။ အယင်က ငါ တိုက်ခိုက်ခသည်ကို သင်ရို့တွိ့မြင်ခကြ၏။ သင်ရို့ ကြားသိသည့်အတိုင်း အဂုလည်း ငါသည် တိုက်ခိုက်လျက် နိန်သိမ့်၏။
ဖိလိပ္ပိ 2 ->
Languages