14 ထိုသို့ ဥပုသ်နိ့၌ ယေသျှုသည် အနာရောဂါကို ပျောက်ကင်းစီတော်မူ၍ တရားဇရပ်မှူးသည် စိတ်ဆိုးသဖြင့် “အလုပ်လုပ်ရသောရက် ခြောက်ရက်ဟိ၏။ ထိုနိ့တိ၌ လာပြီး ရောဂါပျောက်ကင်းခြင်း ကျေးဇူးကို ခံယူကတ်ပါ။ ဥပုသ်နိ့၌ကား မလုပ်ကတ်ပါကေ့” ဟု လူတိအား ဆို၏။
15 သခင်ဘုရားက၊ “သူတော်ကောင်းယောင်ဆောင်သောသူတိ၊ သင်ရို့သည် ဥပုသ်နိ့၌ သင်ရို့၏ နွားတိ၊ မြည်းတိကို တင်းကုတ်က ကြိုးကို ဖြီပြီးလျှင် ရီတိုက်ဖို့ ခေါ်ယူလားကြသည် မဟုတ်လော။ 16 အဂုတွင် အာဗြဟံ၏သမီးဖြစ်သည့် ဤမိန်းမသည် တစ်ဆယ့်သျှစ်နှစ်ပတ်လုံး စာတန်၏တုပ်နှောင်ခြင်းကို ခံနိန်ရ၏။ သူမကို ဥပုသ်နိ့၌ ထိုတုပ်နှောင်ခြင်းမှ မလွှတ်အပ်သလော” ဟု မိန့်တော်မူ၏။ 17 ဤသို့ မိန့်တော်မူလိုက်သောအခါ ကိုယ်တော့်ကို ရန်ဖက်ပြုသူရို့သည် အရှက်ရကြ၏။ လူထုပရိတ်သတ် အပေါင်းရို့သည် ကိုယ်တော်ပြုတော်မူသော အံ့သြစရာများကြောင့် ရွှင်လန်းဝမ်းမြောက်ကြ၏။
18 ယေသျှုက၊ “ဘုရားသခင်၏ နိုင်ငံတော်သည် ဇာနန့်တူသလဲ၊ ဇာချင့်နှင့် နှိုင်းပြရဖို့လဲ ဟူမူကား၊ 19 ဤသို့သော အရာနှင့်တူ၏။ လူတစ်ယောက်သည် မုံညှင်းစိ့ကိုယူ၍ မိမိဥယျာဉ်၌ စိုက်လေ၏။ ထိုအစိ့သည် အပင်ပေါက်လာ၍ ကြီးထွားပြီးလျှင် အပင်ကြီးဖြစ်လာပြီး အကိုင်းအခက်တိတွင် ငှက်တိ အသိုက်လုပ်နိန်ကြ၏” ဟု မိန့်တော်မူ၏။
20 တဖန် ယေသျှုက၊ “ဘုရားသခင်၏ နိုင်ငံတော်ကို ဇာအရာနှင့် နှိုင်းပြရဖို့လဲ။ 21 မိန်းမတစ်ယောက်သည် တဆီးအချို့ကိုယူပြီး မုန့်မှုန့်သုံးစိတ်၌ ရောထည့်လိုက်သောအခါ မုန့်မှုန့်အားလုံးကို ဖောင်းပွစီသော တဆီးနန့် တူ၏” ဟု မိန့်တော်မူ၏။
22 ထို့နောက် ယေသျှုသည် မြို့ရွာများကို လှည့်လည်၍ လူအပေါင်းရို့အား ဟောပြောသွန်သင်တော်မူလျက် ယေရုဆလင်မြို့သို့ ကြွတော်မူ၏။ 23 လူတစ်ယောက်က၊ “အသျှင်ဘုရား၊ ကယ်တင်ခြင်း ခံရသူရို့သည် အရီအတွက်အားဖြင့် နည်းပါ၏လော့” ဟု မိန်းလျှောက်ကြ၏။ ယေသျှုက ထိုသူရို့အား၊ 24 “သင်ရို့သည် ကျဉ်းမြောင်းသော တန်းခါးပေါက်သို့ ဝင်ဖို့ ကြိုးစားအားထုတ်ကြလော့။ အကြောင်းမူကား လူများစွာရို့သည် ဝင်ဖို့ ကြိုးစား နိန်ကြသော်လည်း မတတ်နိုင်ကတ်။ 25 အိမ်သျှင်သည်ထ၍ တန်းခါးကို ပိတ်လိုက်ခါမှ၊ သင်ရို့သည် အိမ်အပြင်မှရပ်၍ တန်းခါးကိုခေါက်လျက် ‘ဆရာ၊ အကျွန်ရို့ကို တန်းခါး ဖွင့်ပီးတော်မူပါ’ ဟု တောင်းလျှောက်သော်လည်း၊ အိမ်သျှင်က၊ ‘သင်ရို့တိ ဇာကလာလဲ ဆိုစွာကို ငါမသိ’ ဟု ဆိုလိမ့်မည်။ 26 ထိုအခါ သင်ရို့က၊ ‘အကျွန်ရို့သည် အသျှင်နန့်အတူ စားသောက်ခပါ၏။ ကိုယ်တော်သည် အကျွန်ရို့မြို့၌လည်း ဟောပြောခပါ၏။’ 27 ယေဒါလေ့ အိမ်သျှင်က၊ ‘သင်ရို့ ဇာကလာသည်ကို ငါမသိ၊ မတရားသောလူတိ ငါ့နားက ထွက်လားကတ်’ ဟု ပြန်၍ ပြောလိမ့်မည်။ 28 [a][b]အဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် ပရောဖက်အပေါင်းရို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ရောက်ခသည်ကို မြင်လျက်ပင် သင်ရို့သည် အပြင်ဖက်ကို နှင်ထုတ်ခြင်းခံရသောအခါ ငိုကြွီးခြင်း၊ အံသွားခဲကြိတ်ခြင်း ဟိကြလိမ့်မည်။ 29 လူရို့သည် အရှိ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာမှ လာ၍ ဘုရားသခင်၏ နိုင်ငံတော်ပွဲ၌ ဝင်ကြရလိမ့်မည်။ 30 [c]ထိုအခါ အဂု နောက်ကျသောလူတိသည် အယင်ကျပြီး အယင်ကျသော လူတိ နောက်ကျလိမ့်မည်” ဟု မိန့်တော်မူ၏။
31 ထိုအချိန်တွင် ဖာရိယှဲတချို့သည် ယေသျှုထံပါးကို လာပြီးလျှင်၊ “ဟေရုဒ်သည် ကိုယ်တော့်ကို အသီသတ်လိုသည် ဖြစ်၍ ဤအရပ်မှ ထွက်လားပြီး အခြားသော အရပ်သို့ ကြွတော်မူပါ” ဟု ကိုယ်တော့်ကို လျှောက်ကြ၏။
32 ယေသျှုက “ငါသည် ဤနိ့နှင့် နက်ဖြန်နိ့၌ နတ်ဆိုးတိကို နှင်ထုတ်ပြီးလျှင် အနာရောဂါတိကို ပျောက်စီမည်။ သုံးရက်မြောက်သော နိ့၌ကား ငါ့အလုပ်ကို အဆုံးသတ်မည်ဖြစ်ကြောင်း၊ လား၍ ထိုမြီခွီးကို ပြောလော့။ 33 သို့သော်လည်း ဤနိ့၊ နက်ဖြန်၊ သန်ဘက်ခါနိ့တိ၌ ငါခရီးလားရဦးမည်။ ပရောဖက်ဟူသည် ယေရုဆလင်မြို့မှတစ်ပါး အခြားအရပ်၌ အသီမခံရ။
34 “အို၊ ယေရုဆလင်မြို့၊ ယေရုဆလင်မြို့၊ သင်သည် ပရောဖက်တိကို အသီသတ်သည့်မြို့၊ ဘုရားသခင် ရွှတ်လိုက်သော တမန်တိကိုလည်း ကျောက်ခဲနန့် ပစ်သည့်မြို့၊ ကြက်မက ကြက်ချေတိကို မိမိအတောင် အောက်၌ စုသိမ်းထားသကဲ့သို့ ငါလည်း သင်၏လူတိကို စုသိမ်းထားလိုသည်မှာ အကြိမ်ပေါင်း များလီဗျာယ်။ သို့သော်လည်း သင်ကား ငါ့ကို ဤသို့ မပြုစီချင်။ 35 သို့ဖြစ်၍ သင်ရို့၏ ဗိမာန်ကို ဘုရားသခင် စွန့်တော်မူလိမ့်မည်။ သင့်အား ငါဆိုသည်ကား၊ ‘ဘုရားသခင်၏ နာမတော်နှင့် ကြွလာတော်မူသော အသျှင်သည် မင်္ဂလာဟိစီသတည်း’ ဟု သင်မြွက်ဆိုသည့် နိ့မတိုင်ခင် သင်သည် ငါ့ကို မြင်ရလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
<- လုကာ 12လုကာ 14 ->
Languages