11 “ငါသည် ကောင်းသော သိုးထိန်းဖြစ်၏။ ကောင်းသော သိုးထိန်းသည် သိုးတိအတွက် မိမိအသက်ကို စွန့်တတ်၏။ 12 အငှားသမားမူကား သိုးထိန်း မဟုတ်။ သိုးသျှင်လည်း မဟုတ်။ တောခွီး လာသည်ကို မြင်သောအခါ သိုးတိကိုထား၍ ထွက်ဗြီးလားတတ်၏။ တောခွီးကလည်း သိုးတိကို ကိုက်ဖမ်းသောကြောင့် သိုးများသည် ဖရိုဖရဲ ကွဲလွင့်စီ၏။ 13 အငှားသမားသည် အငှားသမားဖြစ်သောကြောင့် သိုးတိကို ဂရုမစိုက်ဘဲ ထွက်ဗြီးတတ်၏။ 14-15 [a] ငါသည် ကောင်းသောသိုးထိန်း ဖြစ်၏။ ခမည်းတော်သည် ငါ့ကို သိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏သိုးတိကို ငါသိ၏။ ငါ့သိုးတိကလည်း ငါ့ကိုသိကြ၏။ ငါသည် သိုးတိအတွက် အသက်ကိုစွန့်၏။ 16 ဤသိုးခြံထဲသို့ မဝင်သော အခြားသိုးတိကိုလည်း ငါပိုင်သိမ့်၏။ ထိုသိုးတိကို ငါ ယူဆောင်ခရမည်။ သူရို့သည် ငါ့အသံကို နားထောင်ကြလိမ့်မည်။ ထို့ကြောင့် သူရို့သည် သိုးထိန်းတစ်ပါးတည်းဟိသော သိုးအုပ်တစ်အုပ် ဖြစ်လာလိမ့်မည်။[b]
17 “ငါသည် ကိုယ့်အသက်ကို အလိုလျောက် စွန့်တော်မူသည့်အတိုင်း နောက်တဖန် အသက်ကို ပြန်ယူဦးမည် ဖြစ်သောကြောင့်၊ ခမည်းတော်သည် ငါ့ကို ချစ်တော်မူ၏။ 18 ဇာသူတစ်ယောက်မှ ငါ့ပါးမှ အသက်ကို မလုယူနိုင်။ ကိုယ့်အလိုအလျောက် စွန့်ခြင်းသာဖြစ်၏။ ငါသည် အသက်ကို စွန့်ပိုင်ခွင့်နှင့် ပြန်ယူပိုင်ခွင့် ငါ့၌ ဟိ၏။ ဤသို့ ပြုနိုင်ရန် ခမည်းတော်သည် ငါ့ကို အမိန့်ပီးတော်မူ၏” ဟု မိန့်တော်မူ၏။
19 ထိုစကားတော်ကြောင့် ယုဒလူရို့သည် တဖန် ကွဲပြားကြပြန်၏။ 20 သူရို့ထဲမှ လူအများက “ဤသူသည် နတ်ဆိုး ဝင်ပူးနိန်သော အရူးဖြစ်၏။ ဇာကြောင့် သူ့စကားကို သင်ရို့ နားထောင်ကြသနည်း” ဟု ဆိုကြ၏။
21 သို့ရာတွင် အခြားသူရို့က “နတ်ဆိုးဝင်ပူးသောလူသည် ဤသို့သော စကားကိုမပြောနိုင်။ နတ်ဆိုးသည် မျက်စိကန်းသောသူတိကို မြင်စီခြင်းငှာ တတ်နိုင်ပါမည်လော” ဟု ဆိုကြ၏။
25 ယေသျှုက “သင်ရို့ကို ငါပြောပြီးယာ။ ယေဒါလည်း သင်ရို့က မယုံကြ။ ငါ့ခမည်းတော်အခွင့်နှင့် ငါပြုသော အမှုများသည် ငါ့အကြောင်းကို သက်သီခံနိန်ကြခြင်း ဖြစ်၏။ 26 သို့ရာတွင် သင်ရို့သည် ငါ့သိုးမဟုတ်သောကြောင့် ငါ့ကို မယုံနိုင်ကြ။ 27 ငါ့သိုးရို့သည် ငါ့စကားကို နားထောင်တတ်ကြ၏။ ငါသည် သူရို့ကို သိသည်ဖြစ်၍ သူရို့လည်း ငါ့နောက်သို့ လိုက်ကြ၏။ 28 ငါသည် သူရို့အား ထာဝရအသက်ကို ပီးသည်ဖြစ်၍ သူရို့သည် သီခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ဇာသူတစ်ယောက်မှ သူရို့တိကို ငါ့လက်ကနိန် လုမယူနိုင်။ 29 ထိုသိုးတိကို ငါ့ထံ၌ အပ်ပီးတော်မူသည့် ခမည်းတော်သည် ဟိသမျှသော သူတိထက် ကြီးမြတ်တော်မူသည်[c]ဖြစ်၍၊ ဇာသူတစ်ယောက်မှ သိုးတိကို ခမည်းတော်လက်က မလုမယူနိုင်။ 30 ခမည်းတော်နှင့် ငါသည် တစ်လုံးတစ်ဝတည်း ဖြစ်၏” ဟု မိန့်တော်မူ၏။
31 ထိုအခါ ယုဒလူအပေါင်းရို့သည် ကိုယ်တော့်ကို ပစ်ရန် ကျောက်ခဲကို တဖန် ကောက်ယူကြ၏။ 32 ယေသျှုက “ခမည်းတော် စီခိုင်းတော်မူသဖြင့် ငါသည် များစွာသော ကောင်းမြတ်သောအမှုတိကို ပြခယာ။ ထိုအမှုတိထဲက ဇာအမှုအတွက်ကြောင့် သင်ရို့က ငါ့ကို ကျောက်ခဲနှင့်ပစ်ရန် လုပ်ကြသနည်း” ဟု မိန်းတော်မူ၏။
33 ယုဒလူတိကလည်း “ကောင်းမြတ်သောအမှုတိကို ပြခသည့်အတွက်ကြောင့် သင့်ကို ကျောက်ခဲနှင့်ပစ်ရန် လုပ်ကြသည် မဟုတ်။ သင်သည် လူစင်စစ်ဖြစ်လျက်ပင် ဘုရားအယောင်ဆောင်၍ ဘုရားသခင်ကို ပြစ်မှားသော စကားကြောင့် ကျောက်ခဲနှင့်ပစ်ရန် လုပ်ကြခြင်း ဖြစ်သည်” ဟု ပြန်ပြောကြ၏။
34 ယေသျှုက “သင်ရို့၏ ပညတ်ကျမ်းထဲ၌ ဘုရားသခင်က ‘သင်ရို့သည် ဘုရားများ ဖြစ်ကြ၏’ ဟု ဖော်ပြထား၏။ 35 ထိုကျမ်းစာ၌ ဖော်ပြထားသည့်အရာများ အမြဲမှန်ကန်ကြောင်းကို သင်ရို့ သိကြ၏။ ဘုရားသခင်၏ ဗျာဒိတ်တော် ခံရသော လူတိကို ‘ဘုရားများ’ ဟု ဖော်ပြ၏။ 36 ခမည်းတော်သည် ငါ့ကို ရွီးချယ်၍ ဤလောကသို့ စီရွှတ်တော်မူ၏။ ထို့အတွက်ကြောင့် ‘ငါသည် ဘုရားသခင်၏ သားတော်ဖြစ်၏’ ဟု ဆိုသည်ကား ဘုရားသခင်ကို ပြစ်မှားသောစကားဟု ဇာကြောင့် သင်ရို့ ဆိုကြသနည်း။ 37 ငါ့ခမည်းတော်၏ အလိုတော်အတိုင်း ငါ မဆောင်ရွက်လျှင် ငါ့ကို မယုံကတ်ကေ့။ 38 ဆောင်ရွက်ခလျှင်မူကား ငါ့ကို မယုံသော်လည်း ငါဆောင်ရွက်ခသော အမှုတိကို ယုံကြလော့။ ထိုသို့ယုံလျှင် ခမည်းတော်သည် ငါ့အထဲ၌ ဟိတော်မူသကဲ့သို့၊ ငါလည်း ခမည်းတော်အထဲ၌ ဟိနိန်သည်ကို သင်ရို့ သိနားလည်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
39 ထိုအခါ သူရို့သည် ယေသျှုကို ဖမ်းဆီးရန် ကြိုးစားကြပြန်၏။ သို့ရာတွင် ကိုယ်တော်သည် သူရို့လက်မှ လွတ်မြောက်၍ ထွက်ကြွတော်မူ၏။
40 [d]ထို့နောက် ယေသျှုသည် ယော်ဒန်မြစ် တစ်ကမ်း၌ဟိသော အယင်က ယောဟန်သည် ဗတ္တိဇံမင်္ဂလာ ပီးရာအရပ်သို့ ပြန်လည် ကြွလားတော်မူ၍ ထိုအရပ်တွင် နီတော်မူ၏။ 41 သူရို့က “ယောဟန်သည် အံ့ဖွယ်နိမိတ်လက္ခဏာ ဇာတစ်ခုကိုမှ မပြခသော်လည်း ဤသူအကြောင်းနှင့်ပတ်သတ်၍ ယောဟန်ပြောခသည်မှာ အားလုံးမှန်သည်” ဟု ဆိုကြ၏။ 42 သို့ဖြစ်၍ ထိုအရပ်၌ဟိသော များစွာသောလူရို့သည် ယေသျှုကို ယုံကြည်လာကြ၏။
<- ယောဟန် 9ယောဟန် 11 ->
Languages