3 ထို့ကြောင့် သင်ရို့သည် ပင်ပန်းနွမ်းနယ်၍ စိတ်ဓါတ်ကျခြင်း မဟိကြစီခြင်းငှာ အပြစ်သားရို့၏ ဆန့်ကျင်မှုကို သည်းခံတော်မူသော ကိုယ်တော့်ကို ဆင်ခြင်အောက်မိ့ကြလော့။ 4 သင်ရို့သည် အပြစ်တရားကို ဆန့်ကျင်တွန်းလှန်ကြရာ၌ သွီးမြီကျသည့်တိုင်အောင် မခံကြရသိမ့်။ 5 ထို့အပြင် သင်ရို့သည် မိမိ၏သားကဲ့သို့ သင်ရို့အား မိန့်တော်မူသော အားပီးတိုက်တွန်းထားသည့် စကားကို မိ့လားကြလေပြီ။
14 လူတိုင်းနှင့် ငြိမ်းချမ်းစွာ နီထိုင်ရန်လည်းကောင်း၊ သန့်ယှင်းသော အသက်တာဖြင့် အသက်ရှင်နိုင်ရန်လည်းကောင်း ကြိုးစားကြလော့။ အကြောင်းမူကား သန့်ယှင်းသော အသက်တာမဟိလျှင် ဇာသူမျှ ဘုရားသခင်ကို မြင်ကြလိမ့်မည် မဟုတ်။ 15 ဇာသူမျှ ဘုရားသခင်၏ကျေးဇူးတော်နှင့် မကင်းကွာစီခြင်းငှာ လည်းကောင်း၊ လူအပေါင်းရို့ကို အနှောင့်အယှက်ဖြစ်စီတတ်သည့်အပြင် ညစ်ညူးခြင်းကို ဖြစ်စီတတ်သည့် ခါးသီးသောအမြစ် ထွက်မလာစီခြင်းငှာ လည်းကောင်း သတိပြုကြကုန်အံ့။ 16 သားဦးတစ်ယောက်၏ အရိုက်အရာကို အစားတစ်လုပ်နှင့် လှဲစားခသည့် ဧသောကဲ့သို့ မတရားသောမေထုန်ကို ပြုသောသူ သို့မဟုတ် ဘုရားတရားကို မထီမဲ့မြင်ပြုသောသူ တစ်စုံတစ်ယောက်မျှ မဟိစီခြင်းငှာ သတိပြုကြလော့။ 17 အကြောင်းမူကား သင်ရို့ သိကြသည့်အတိုင်း သူသည် နောက်မှကောင်းကြီးမင်္ဂလာကို အမွီခံလိုသောအခါ၌ ငြင်းပယ်ခြင်းကို ခံရလေ၏။ သူသည် မျက်ရည်ကျလျက် ထိုကောင်းကြီးမင်္ဂလာကို ပြန်တောင်းသော်လည်း မိမိအဖ၏ စိတ်ပြောင်းလဲခြင်းအခွင့်ကို ပြန်၍ မရနိုင်ပေ။
18 သင်ရို့သည် ဣသရေလလူမျိုးရို့ကဲ့သို့ လက်ဖြင့်ထိတွိ့နိုင်သော သိနာတောင်သို့ ရောက်လာကြသည် မဟုတ်။ ထိုတောင်သည်ကား မီးလောင်လျက်၊ မဲမှောင်ညိုမှိုင်းကာ မုန်တိုင်းကျလျက် 19 တံပိုးခရာမှုတ်သံနှင့် နှုတ်ကပတ်တော်အသံများ ထွက်ပေါ်လာသည့် တောင်ဖြစ်၏။ ဣသရေလလူမျိုးရို့သည် နှုတ်ကပတ်တော်အသံကို ကြားရပြီး၊ နောက်တဖန် ထိုအသံကို မကြားရစီခြင်းငှာ တောင်းပန်ကြ၏။ 20 အကြောင်းမူကား “တိရစ္ဆာန်တစ်ကောင်တောင်မှ ထိုတောင်ကို ထိမိလျှင် ကျောက်ခဲနှင့် ပစ်သတ်ရမည်” ဟူသော အမိန့်တော်ကို သူရို့သည် မခံနိုင်ကြသောကြောင့် ဖြစ်၏။ 21 ထိုမြင်ကွင်းသည် အလွန် ကြောက်စရာကောင်းသည်ဖြစ်၍ မောသျှေက “ငါသည် အလွန်ကြောက်ရွံ့တုန်လှုပ်ရ၏” ဟု ဆို၏။
22 သို့သော် သင်ရို့သည် ဇိအုန်တောင်သို့ လည်းကောင်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏မြို့တော် တည်းဟူသော ကောင်းကင်အရပ်၌ ဟိသော ယေရုဆလင်မြို့သို့ လည်းကောင်း၊ ထောင်ပေါင်းများစွာသော ကောင်းကင်တမန်တိ ရွှင်လန်းဝမ်းမြောက်စွာ စုဝေးရာအရပ်သို့ လည်းကောင်း၊ 23 ကောင်းကင်ဘုံ၌ နာမည်စာရင်းဝင်လျက်ဟိကြသော အဦးဆုံးသောသားများ၏အသင်းတော်သို့ လည်းကောင်း၊ လူသားအားလုံးကို တရားစီရင်တော်မူသော ဘုရားသခင်ထံပါးသို့ လည်းကောင်း၊ စုံလင်ခြင်းသို့ ရောက်ကြကုန်သော ဖြောင့်မတ်သူရို့၏ ဝိညာဉ်များသို့ လည်းကောင်း၊ 24 ပဋိညာဉ်သစ်၏ ကြားဝင် စိ့စပ်ပီးသူ ဖြစ်သော ယေသျှုထံပါးသို့ လည်းကောင်း၊ အာဗေလ၏အသွီးထက် သာ၍ မြတ်သော နှုတ်ကပတ်တော်ကို မြွက်ဆိုခြင်းဖြင့် ပက်ဖြန်းထားသော အသွီးတော် ထံပါးသို့ လည်းကောင်း ရောက်လာကြ၏။
25 သင်ရို့သည် မိန့်တော်မူသော အသျှင်ကို မငြင်းပယ်မိကြစီရန် သတိပြုကြလော့။ အကြောင်းမူကား မြီကြီး၌ ဗျာဒိတ်ပီးသောသူကို ငြင်းပယ်သောသူသည် ပြစ်ဒဏ်မှ မလွတ်နိုင်ကြလျှင် ကောင်းကင်ဘုံမှ ဗျာဒိတ်ပီးတော်မူသောအသျှင်ကို ငြင်းပယ်လျှင် ဇာပိုင် အပြစ်က လွတ်နိုင်ပါအံ့နည်း။ 26 သို့သော် ထိုစဉ်က ကိုယ်တော်၏အသံတော်သည် မြီကြီးကို တုန်လှုပ်စီ၏။ အဂုမူကား ကိုယ်တော်က “ငါသည် နောက်တဖန် မြီကြီးကိုသာမက ကောင်းကင်ကိုပါ တုန်လှုပ်စီလိမ့်မည်” ဟု ကတိပီးထားတော်မူ၏။ 27 “နောက်တဖန်” ဟူသော စကားသည်ကား မတုန်လှုပ်နိုင်သောအရာကို တည်မြဲစီခြင်းငှာ တုန်လှုပ်တတ်သော ဖန်ဆင်းခံအရာကို ဖယ်ယှားမည်ဟု ဆိုလိုသတည်း။
28 ထို့ကြောင့် ငါရို့သည် မတုန်မလှုပ်နိုင်သော နိုင်ငံတော်ကို ရထားကြသည်ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းကြကုန်အံ့။ ထိုသို့ ကျေးဇူးတော်ချီးမွမ်းလျက် ကြောက်ရွံ့ရိုသီသောစိတ်ဖြင့် ဘုရားသခင် နှစ်သက်တော်မူသောဝတ်ပြုခြင်းကို ဆောင်ရွက်ကြကုန်အံ့။ 29 အကြောင်းမူကား ငါရို့၏ဘုရားသခင်သည် လောင်ကျွမ်းသောမီး ဖြစ်တော်မူ၏။
<- ဟေဗြဲ 11ဟေဗြဲ 13 ->
Languages