ဂလာတိ အသင်းတော်သို့ ပေါလု၏ ပီးစာ နိဒါန်း ဂလာတိအသင်းတော်သို့ ပီးစာ သည် တမန်တော် ပေါလုက ရီးသားခြင်းဖြစ်၏ (၁.၁)။ ထိုစာကို ပေါလုသည် ခရစ်တော် မွီးဖွားပြီးနောက် ၄၈–၅၇ နှစ် ကြားတွင် ဂလာတိအသင်းတော်သို့ ရီးသားခခြင်းဖြစ်၏။ ဂလာတိလူရို့သည် ရောမနယ်ပယ်၏ ပြည်နယ်တစ်ခုဖြစ်သော ဂလာတိပြည်၌ နီထိုင်ကြသူတိ ဖြစ်နိုင်သည်။ ပညာဟိများက ပေါလုသည် ထိုပြည်၌ ဟိနိန်သောအခါ ထိုစာကို ရီးသားခြင်း မဖြစ်နိုင်ဘဲ ဧဖက်မြို့နှင့် ကောရိန့်မြို့စသည့် မြို့နှစ်မြို့မှ ရီးသားခြင်းဖြစ်နိုင်သည်ဟု ယူဆကြ၏။ ပေါလုသည် ဂလာတိ အသင်းတော်၌ဟိသော ယုဒလူမျိူးတိနှင့် ယုဒလူမျိုး မဟုတ်သော ခရစ်ယာန်ယုံကြည်သူများအတွက် ရီးသားခခြင်းဖြစ်၏။ သူသည် အရီဖျားလှီးခြင်းနှင့်ပတ်သတ်၍ ဓမ္မဟောင်းကျမ်းမှ ယုဒလူမျိုးရို့၏ ပညတ်တရားများကို ခရစ်ယာန်ယုံကြည်သူများ လိုက်လျှောက်ရန် လိုအပ်သည်ဟု ပြောဆိုခြင်းသည် မှားယွင်းသော သွန်သင်ချက်ဖြစ်ကြောင်းကို အထူးဖော်ပြ ရီးသားထားပါသည်။ ခရစ်ယာန်များကြားတွင် ယုဒလူမျိုးဓလေ့ကို ယုံကြည်လိုက်လျှောက်သော လူတစ်စု ဟိ၏။ ထိုသူရို့က ယုဒလူမျိုး မဟုတ်သော ခရစ်ယာန်များကို အရီဖျားလှီးရန် လိုအပ်သည်ဟု တောင်းဆိုကြ၏။ သူရို့သည်လည်း ပေါလု၏ တမန်တော် အခွင့်အာဏာနှင့် ပတ်သက်၍ မိန်းခွန်းထုတ်ကြ၏။ ပေါလုသည် သူ၏ တမန်တော်အရာနှင့်ပတ်သတ်၍ မိမိ၏ အကြောင်းတချို့ကို (၁.၁၁—၂.၁၄) တွင် ပြောပြခြင်းဖြင့် ကာကွယ်ခပြီး၊ ယေသျှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်သာ ကယ်တင်ခြင်း ရဟိနိုင်ကြောင်းကို ယှင်းပြခသည် (၂.၁၆)။ ထိုအရာများသည် လူရို့၏ လုပ်ဆောင်ခြင်း မဟုတ်ဘဲ ဘုရားသခင် ဂရုဏာတော်ကြောင့်သာ ဖြစ်၏။ အကြောင်းအရာ အကျဉ်းချုပ် ၁။ ဂလာတိ အသင်းတော်ကို နှုတ်ဆက်ခြင်းအားဖြင့် ပေါလုသည် မိမိ၏စာကို အစပြုခြင်း (၁.၁–၅) ၂။ ထို့နောက်၊ ပေါလုသည် သူ၏ သွန်သင်ပိုင်ခွင့်ကို ခုခံကာကွယ်ရန် သူ၏ ကိုယ်ပိုင် နောက်ကြောင်းအချို့ကို ယှင်းပြပြီး မိမိသည် ပညတ်တရားနှင့်အညီ နီထိုင်ရန် ကြိုးစားခသော်လည်း ထိုအရာသည် အလုပ်မဖြစ်ကြောင်းကို ဖော်ပြထားခြင်း (၁.၆—၂.၂၁) ၃။ တဖန်၊ သူသည် ကယ်တင်ခြင်း၌ ပညတ်တရားနှင့် ကျေးဇူးတော်၏ ကဏ္ဍကို ဆက်လက် ယှင်းပြခြင်း (၃.၁—၄.၃၁) ၄။ ထို့နောက်၊ ကောင်းမွန်သော ခရစ်ယာန် အသက်ရှင်ခြင်းအတွက် ယေဘုယျ ညွှန်ကြားချက် တချို့ကို ပီးအပ်ခြင်း (၅.၁—၆.၁၀) ၅။ ပေါလုသည် မိမိ၏စာအား အရီဖျားလှီးခြင်းကဲ့သို့သော ပြင်ပစည်းမျဉ်းများထက် ဘုရားသခင်၌ လူသစ်အဖြစ်သို့ ပြောင်းလဲခြင်းသည် သာ၍ အရေးကြီးကြောင်းကို သတိရစီရန် နှုတ်ဆက်စကားနှင့် နောက်ဆုံး တောင်းပန်ခြင်းဖြင့် သူ၏စာကို နိဂုံးချုပ်ခြင်း (၆.၁၁–၁၈)
10 ဤသို့ ပြောဆိုရာတွင် ငါသည် လူ၏အလိုကို လိုက်ရန် ကြိုးစားနိန်သလော။ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို လိုက်ရန် ကြိုးစားနိန်သလော။ ထိုသို့ မဟုတ်လျှင် ငါသည် လူတိစိတ်ကို ကြေနပ်စီခြင်းငှာ ကြိုးစားနိန်သလော။ အကယ်၍ ငါသည် လူတိစိတ်ကို ကြေနပ်စီခြင်းငှာ ကြိုးစားနိန်လျှင် ခရစ်တော်၏ အခိုင်းအစီ ဖြစ်နိုင်မည် မဟုတ်။
13 [b]ငါသည် ယုဒဘာသာဝင်အဖြစ် အသက်ရှင်နီထိုင်ခစဉ်က ဇာပိုင် ကျင့်ကြံပြုမူခသည်ကို သင်ရို့ ကြားသိကြ၏။ ငါသည် ဘုရားသခင်၏ အသင်းတော်ကို ကရုဏာစိတ် မဟိဘဲ ညှည်းပန်းနှိပ်စက်၍ ဖျက်ဆီးရန် အစွမ်းကုန် ကြိုးစားခ၏။ 14 [c]ယုဒဘာသာတရားကို လက်တွိ့ကျင့်သုံးရာတွင် ငါသည် မိမိနှင့်သက်တူရွယ်တူ ယုဒလူမျိုးရို့ကို ဦးဆောင်ခပြီးလျှင် ငါရို့အဖိုးအဖီးရို့၏ ထုံးတမ်းစဉ်လာတိကိုလည်း အလွန်စိတ်အားထက်သန်ခ၏။
15 [d]သို့သော်လည်း ဘုရားသခင်သည် အမိဝမ်းထဲကပင် ကျေးဇူးတော်အားဖြင့် ငါ့အား ရွီးချယ်ထား၍ အမှုတော်ဆောင်ရန် ခေါ်တော်မူပြီး၊ 16 ကိုယ်တော်၏သတင်းကောင်းကို လူမျိုးခြားတိအား ဟောပြောရန် မိမိ၏သားတော်ကို ငါ့အား ဖော်ပြတော်မူ၏။ ထိုအခါ ငါသည် ဇာသူ့ပါးမှ အကြံဉာဏ်ကို တောင်းခံခြင်း မပြုခပေ။ 17 ငါ့ထက် အယင်ဦးစွာ တမန်တော်အရာကို ရဟိထားသော သူရို့နှင့်တွိ့ဆုံရန် ယေရုဆလင်မြို့ကိုလည်း ငါမလားခ။ အာရပ်ပြည်သို့ အယင်လားပြီးနောက် ဒမာသက်မြို့သို့ ပြန်လာ၏။ 18 [e]ထို့နောက် သုံးနှစ်ကြာပြီးမှ ပေတရုနှင့် တွိ့ဆုံရန် ယေရုဆလင်မြို့သို့ တက်လားပြီးလျှင် သူနှင့်အတူ တစ်ဆယ့်ငါးရက် နီထိုင်ခ၏။ 19 သို့သော် သခင်ဘုရား၏ ညီတော်ဖြစ်သော ယာကုပ်မှလွဲ၍ အခြားတမန်တော်[f] တစ်ယောက်လေ့ ငါ မတွိ့ခ။
20 သင်ရို့ပါးသို့ ငါ ရီးသားခသော အကြောင်းအရာသည် မုသားမပါဘဲ မှန်ကန်ကြောင်းကို ဘုရားသခင် သိတော်မူ၏။ 21 ထို့နောက်တွင် ငါသည် ယှုရိပြည်နှင့် ကိလိကိပြည်သို့ လားခ၏။ 22 သို့သော် ထိုအချိန်၌ ယုဒပြည်၌ဟိသော အသင်းတော်များမှ ယုံကြည်သူရို့သည် ငါနှင့်ပုဂ္ဂိုလ်ရေးအရ မသိကျွမ်းကြသိမ့်ပေ။ 23 “ငါရို့ကို ညှည်းဆဲခသောသူသည် အယင်က သူ ဖျက်ဆီးရန် ကြိုးစားခသော ယုံကြည်ခြင်းတရားကို အဂုအခါတွင် ငါရို့အား ဟောပြောနိန်၏” ဟု အခြားသောသူတိ ပြောဆိုသံကိုသာ သူရို့ ကြားသိရကြ၏။ 24 သို့ဖြစ်၍ သူရို့သည် ငါ့ကြောင့် ဘုရားသခင်ကို ချီးမွမ်းကြလေ၏။
ဂလာတိ 2 ->
Languages