13 မိန်းမသည် မိမိ၏ဦးဂေါင်းကို မဖုံးမအုပ်ဘဲ ဝတ်ပြုစည်းဝေးခြင်းတွင် ဘုရားသခင်အား ဆုတောင်းပတ္ထနာပြုခြင်းငှာ ပြုသင့်သည် မပြုသင့်သည်ကို သင်ရို့ကိုယ်တိုင် စဉ်းစားဆင်ခြင် ကြလော့။ 14 ဆံပင်ရှည်သည့်ယောက်ျားသည် ရှက်ဖွယ်ဖြစ်သည်ဟု သဘာဝတရားက သင်ရို့အား သွန်သင်ပီးသည် မဟုတ်ပါလော။ 15 သို့သော် ဆံပင်ရှည်သော မိန်းမမူကား ထိုဆံပင်သည် သူမ၏ ဘုန်းဖြစ်၏။ ထိုရှည်သောဆံပင်သည် မိန်းမအဖို့ ခြုံစရာအဖြစ် ပီးထားခြင်းဖြစ်၏။ 16 သို့သော် ဤကိစ္စနှင့်ပတ်သက်၍ ငြင်းခုံလိုသောသူအား ငါရို့၌လည်းကောင်း၊ ဘုရားသခင်၏ အသင်းတော်များ၌ လည်းကောင်း ဝတ်ပြုကိုးကွယ်သောအခါ ယင်းသို့ ဂေါင်းဖုံးအုပ်သည့်ထုံးစံမှတစ်ပါး အခြားသောထုံးစံ မဟိကြောင်းကို ငါဖြေဆိုအံ့။
17 သို့ရာတွင် ဤညွှန်ကြားချက်များကို ပီးရာ၌ သင်ရို့အား ငါမချီးမွမ်း။ အကြောင်းမူကား သင်ရို့၏ဝတ်ပြုစည်းဝေးခြင်းများသည် ကောင်းကျိုးဟိသောအရာထက် ဆိုးကျိုးဟိသောအရာကိုသာ ပို၍လုပ်နိန်၏။ 18 ပထမအကြောင်းအရာမူကား၊ သင်ရို့သည် အသင်းတော်၌ စည်းဝေးကြသောအခါ စိတ်ဝမ်းကွဲပြားမှုများ ဟိကြောင်းကို ငါ ကြားသိရ၏။ ကြားသိရသည်အတိုင်း တချို့တစ်ဝက်မှန်၏။ 19 သင်ရို့၌ စိတ်ဝမ်းကွဲပြားမှု ဟိရမည်။ ထိုသို့ ဟိမှသာလျှင် မှန်သောဘက်၌ ဟိသောသူတိကို ပေါ်လွင်ထင်ရှားမည်။ 20 သင်ရို့သည် စုရုံးကြသောအခါ သခင်ဘုရား၏ ပွဲတော်မင်္ဂလာဝင်ခြင်း မဟုတ်ဘဲ စားသောက်ဖို့ငှာ လာကြ၏။ 21 အကြောင်းမူကား သင်ရို့စားကြသောအခါ သင်ရို့တစ်ဦးချင်းစီက မိမိအစာကို အယင်စားကြသဖြင့်၊ သီရည်သောက်သောသူက သောက်နိန်စဉ် ဆာလောင်သူက ဆာလောင်၍ ဟိနိန်ကြ၏။ 22 သင်ရို့စားသောက်ခြင်းငှာ သင်ရို့၌ အိမ်မဟိကြသလော။ ထိုသို့မဟုတ် ဘုရားသခင်၏ အသင်းတော်ကို ရှုတ်ချ၍ ဇာတစ်ခုမျှ မဟိသောသူကို အရှက်ရစီလိုသလော။ ဤအကြောင်းအရာနှင့် ပတ်သက်၍ သင်ရို့ကို ငါ ဇာပိုင်ပြောရမည်နည်း။ သင်ရို့အား ချီးကျူးရမည်လော။ အကယ်စင်စစ် ငါ မချီးကျူး။
23 အကြောင်းမူကား သင်ရို့အား ငါပီးအပ်မည့် သွန်သင်ချက်ကို သခင်ဘုရားထံတော်မှ ငါရဟိခြင်းဖြစ်၏။ ထိုအရာကား၊ အသျှင်ယေသျှုသည် ရန်သူ့လက်သို့ အပ်နှံခြင်းကို ခံတော်မူသည့် ည၌ မုန့်ကိုယူ၍၊ 24 ကျေးဇူးတော်ကို ချီးမွမ်းပြီးနောက် မုန့်ကို ဖဲ့တော်မူလျက် “ဤမုန့်ကား သင်ရို့အဖို့ စွန့်သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကို အောက်မိ့သတိရခြင်းငှာ ဤသို့ ပြုကြလော့” ဟု မိန့်တော်မူ၏။ 25 ထိုနည်းတူ၊ ညစာစားပြီးနောက် စပျစ်ရည်ခွက်ကို ယူလျက် “ဤ ခွက်ကား ငါ၏သွီးဖြင့် တံဆိပ်ခတ်သော ဘုရားသခင်၏ ပဋိညာဉ်သစ်ဖြစ်၏။ ဤခွက်ဖလားမှ စပျစ်ရည်ကို သောက်သည့်အခါတိုင်း ငါ့ကို သတိရအောက်မိ့ခြင်းငှာ သောက်ကြလော့” ဟု မိန့်တော်မူ၏။
26 သင်ရို့သည် ထိုမုန့်ကို စား၍ ထိုခွက်ဖလားမှ စပျစ်ရည်ကို သောက်သည့်အခါတိုင်း သခင်ဘုရား အသီခံတော်မူကြောင်းကို ကိုယ်တော် ကြွလာတော်မူချိန်ထိတိုင် ကြေညာကြ၏။ 27 သို့ဖြစ်၍ မရိုမသီဘဲ သခင်ဘုရား၏မုန့်ကို စား၍ ကိုယ်တော်၏ခွက်ဖလားမှ စပျစ်ရည်ကို သောက်၏။ ထိုသူသည် သခင်ဘုရား၏ ကိုယ်ခန္ဓာတော်နှင့် အသွီးတော်ကို ပြစ်မှားရာရောက်၏။ 28 ထို့ကြောင့် လူတိုင်းမိမိကိုယ်ကို စစ်ဆီးပြီးမှ မုန့်ကိုစား၍ ခွက်ဖလားမှ စပျစ်ရည်ကို သောက်စီလော့။ 29 မုန့်ကိုစား၍ ခွက်ဖလားမှ စပျစ်ရည်ကို သောက်သောအခါ သခင်ဘုရား၏ ကိုယ်ခန္ဓာကို ပိုင်းခြား၍ နားမလည်သောသူသည် မိမိ၌ အပြစ်ဒဏ်ကျရောက်စီခြင်းငှာ စားသောက်သောသူဖြစ်၏။ 30 ထို့ကြောင့် သင်ရို့အထဲ၌ အားနည်းသောသူနှင့် မကျန်းမာသောသူ အများဟိပြီး သီသောသူများလည်း ဟိကြ၏။ 31 ငါရို့သည် ကိုယ့်ကိုယ်ကို အယင်ဦးစွာ စစ်ဆီးကြမည်ဆိုလျှင် ဤသို့ ဘုရားသခင်၏ တရားစီရင်တော်မူခြင်းကို ခံရကြလိမ့်မည် မဟုတ်ပေ။ 32 သို့သော် သခင်ဘုရားသည် ဤနည်းအားဖြင့် ငါရို့ကို တရားစီရင်တော်မူပြီး ဆုံးမတော်မူသည်မှာ ငါရို့အား ဤလောကသားများနှင့်အတူ တရားစီရင်ခြင်းကို မခံရစီရန်ဖြစ်၏။
33 ထို့ကြောင့် ညီအစ်ကို မောင်နှမရို့၊ သခင်ဘုရား၏ ပွဲတော်မင်္ဂလာကို စားသောက်ရန် စုဝေးကြသောအခါ တစ်ယောက်ကို တစ်ယောက် စောင့်ဆိုင်းကြလော့။ 34 သင်ရို့သည် စည်းဝေးကြသောအခါတွင် ဘုရားသခင်၏ ပြစ်ဒဏ်စီရင်တော်မူခြင်းနှင့် ကင်းလွတ်နိုင်စီခြင်းငှာ သင်ရို့ထဲမှ ဆာမွတ်သောသူသည် မိမိအိမ်၌ စားသောက်စီ။ အခြားသော ကိစ္စများနှင့်ပတ်သက်၍ ငါလာသည့်အခါ တဖန် ငါ ညွှန်ကြားမည်။
<- ၁ ကောရိန္သု 10၁ ကောရိန္သု 12 ->- a ၁ ကော ၄.၁၆; ဖိ ၃.၁၇
Languages