ယောလအနာဂတ္တိကျမ်း နိဒါန်း ပရောဖက်ယောလအကြောင်းနှင့်ပတ်သက်၍ အနည်းငယ်သာသိပေသည်။ ထို့ပြင်မည်သည့်အချိန်ကသက်ရှင်ထင်ရှားခဲ့ကြောင်းအသေအချာမသိပေ။ သို့သော်ပါရှန်နိုင်ငံတော်ကြီးထွန်းကားနေစဉ်အချိန်ကာလ၊ ခ၊ မ လေးရာစုသို့မဟုတ်ငါးရာစုနှစ်အချိန်အတွင်း၌ ထိုကျမ်းစောင်ပေါ်ပေါက်လာသည်ဟုထင်မြင်ယူဆရပေသည်။ ယောလက၊ ပါလတိနပြည်တွင်းသို့ကြောက်မက်ဖွယ်ကောင်းစွာဝင်ရောက်လာသောကျိုင်းကောင်များအကြောင်းကိုလည်းကောင်း သရုပ်ဖော်ရေးသားခဲ့ပေသည်။ ဤအဖြစ်အပျက်များသည်ထာဝရဘုရား၏နေ့ရက်ရောက်လာတော့မည့်လက္ခဏာအဖြစ်လည်းကောင်း၊ ထာဝရဘုရားသည်ကိုယ်တော်ရှင်၏ဖြောင့်မတ်သောအလိုတော်ကိုဆန့်ကျင်သူများအားပြစ်ဒဏ်ခတ်သည့်အချိန်အဖြစ်လည်းကောင်းယောလထင်မြင်ပေသည်။ ပရောဖက်ကလူတို့အားနောင်တရရန်၊ ထာဝရဘုရားခေါ်တော်မူကြောင်းကိုလည်းကောင်း၊ ကိုယ်တော်ရှင်၏လူတို့အားပြန်လည်တည်ဆောက်နိုင်စေမှုနှင့်ကောင်းချီးမင်္ဂလာပေးမည့်ကတိတော်ကိုလည်းကောင်းသိရှိစေသည်။ ဂရုပြုထိုက်သောအချက်မှာ၊ ဘုရားသခင်သည်ကိုယ်တော်ရှင်၏ဝိညာဉ်တော်ကိုမိန်းမယောကျာ်းကြီးငယ်မဟူလူအားလုံးအပေါ်သို့စေလွှတ်တော်မူမည်ဟူသောအချက်ဖြစ်သည်။ အကြောင်းအရာအကျဉ်းချုပ် ကျိုင်းကောင်များကျရောက်သည့်ကပ်ကာလ ၁:၁-၂:၁၇ ပြန်လည်တည်ဆောက်စေမည့်ကတိတော် ၂:၁၈-၂၇ ထာဝရဘုရား၏နေ့တော် ၂:၂၈-၃:၂၁
1 ဤဗျာဒိတ်တော်သည်ပေသွေလ၏သားယောလအား ထာဝရဘုရားပေးတော်မူသည့်ဗျာဒိတ်တော်ဖြစ်၏။
ကောက်ပဲသီးနှံများပျက်စီးသဖြင့်လူတို့ဝမ်းနည်းကြေကွဲကြခြင်း 2 အချင်းအသက်ကြီးသူတို့ငါပြောသည်ကိုအာရုံစိုက်ကြလော့။ ယုဒပြည်သူအပေါင်းတို့နားထောင်ကြလော့။ သင်တို့ခေတ်၌သော်လည်းကောင်းသင်တို့ဘိုးဘေးများ၏ခေတ်၌သော်လည်းကောင်း၊ ဤအမှုအရာမျိုးဖြစ်ပျက်ဖူးသလော။ 3 ဤအချင်းအရာကိုသင်တို့၏သားသမီးများအား ပြောကြားကြလော့။ သူတို့သည်မိမိတို့သားသမီးများအားပြောကြားလျက်၊ ထိုသားသမီးများကလည်းနောင်တစ်ခေတ်မှလူတို့အားပြောကြားကြလိမ့်မည်။ 4 ကျိုင်းကောင်များသည်တစ်အုပ်ပြီးတစ်အုပ် ကောက်ပဲသီးနှံများအပေါ်သို့သက်ဆင်းကြ၏။ ကျိုင်းကောင်တစ်အုပ်စား၍ကြွင်းသောအရာကိုအခြားတစ်အုပ်ကစားကြလေသည်။ 5 အချင်းသေသောက်ကြူးတို့နိုးထ၍ငိုကြွေးကြလော့။ အချင်းစပျစ်ရည်သမားတို့ငိုကြွေးမြည်တမ်းကြလော့။ စပျစ်ရည်သစ်ပြုလုပ်ရန်စပျစ်သီးများပျက်စီးကုန်ပြီ။ 6 ကျိုင်းကောင်အုပ်ကြီးသည်ငါတို့ပြည်ကိုတိုက်ခိုက်လှလေပြီ။ သူတို့သည်အားအင်ကြီး၍မရေမတွက်နိုင်အောင်များပြားကြ၏။ သူတို့၏သွားများသည်ခြင်္သေ့သွားကဲ့သို့ထက်မြက်၏။[a] 7 သူတို့သည်ငါတို့၏စပျစ်နွယ်များကိုဖျက်ဆီးကာ၊ ငါတို့သဖန်းပင်များကိုကိုက်ဖြတ်ပစ်ကြ၏။ သူတို့သည်၊အကိုင်းအခက်များဖြူသွားသည်တိုင်အောင်၊ သစ်ခေါက်များကိုအကုန်အစင်သုတ်သင်ပယ်ရှင်းကြလေပြီ။ 8 အချင်းလူတို့သင်တို့သည်ကြင်ယာလောင်းသေသဖြင့်၊ ငိုကြွေးမြည်တမ်းသည့်အမျိုးသမီးကလေးကဲ့သို့ငိုကြွေးမြည်တမ်းကြလော့။ 9 ဗိမာန်တော်တွင်ပူဇော်ဆက်သရန်ဂျုံဆန်သော်လည်းကောင်း စပျစ်ရည်သော်လည်းကောင်းမရှိတော့ပေ။ မိမိတို့ထံတွင်ထာဝရဘုရားအတွက် ပူဇော်သကာများမရှိသဖြင့်ယဇ်ပုရောဟိတ်တို့သည်ငိုကြွေးမြည်တမ်းကြကုန်၏။ 10 လယ်ယာများသည်ကောက်ပင်ကင်းလျက်နေ၏။ ဂျုံဆန်များသည်ပျက်စီး၍စပျစ်သီးများမှာခြောက်သွေ့ကုန်လျက်၊ သံလွင်ပင်များသည်ညှိုးနွမ်းသွားကြ၏။ ထို့ကြောင့်မြေကြီးသည်ငိုကြွေးမြည်တမ်းလေတော့၏။ 11 အချင်းလယ်သမားတို့ဝမ်းနည်းပူဆွေးကြလော့။ ဂျုံစပါးမုယောစပါးမှစ၍အသီးအနှံရှိသမျှတို့သည်ပျက်စီးသွားလေပြီ။ ထို့ကြောင့်အချင်းစပျစ်ဥယျာဉ်မှူးတို့ငိုကြွေးကြလော့။ 12 စပျစ်နွယ်ပင်များနှင့်သဖန်းပင်တို့သည်ညှိုးနွမ်းခြောက်သွေ့ကြလေပြီ။ သီးပင်မှန်သမျှတို့သည်ညှိုးနွမ်း၍သေကြလေကုန်ပြီ။ လူတို့မှာလည်းပျော်ရွှင်မှုမရှိတော့ပေ။ 13 ယဇ်ပလ္လင်အမှုတော်ဆောင် အချင်းယဇ်ပုရောဟိတ်တို့၊လျှော်တေကိုဝတ်၍ငိုကြွေးကြလော့။ ငါ၏ဘုရားသခင်ရှေ့အမှုတော်ဆောင်တို့ဗိမာန်တော်သို့ဝင်၍ ညဥ့်လုံးပေါက်ငိုကြွေးမြည်တမ်းကြလော့။ သင်တို့၏ဘုရားသခင်အားပူဇော်ရန်ဂျုံဆန်နှင့်စပျစ်ရည်များမရှိတော့ပြီ။ 14 အစာရှောင်ကြရန်အမိန့်များကိုထုတ်ပြန်ကာလူထုစည်းဝေးပွဲတစ်ရပ်ကိုကျင်းပကြလော့။ သင်တို့ဘုရားသခင်ထာဝရဘုရား၏ဗိမာန်တော်တွင် ခေါင်းဆောင်များနှင့်၊ယုဒပြည်သားအပေါင်းကိုစုဝေးစေပြီးလျှင်၊ ကိုယ်တော်၏ထံတော်သို့ဟစ်အော်ကြလော့။ 15 ထာဝရဘုရားတရားစီရင်တော်မူရာနေ့ရက်ကာလသည်နီးကပ်လာလေပြီ။ ထိုကာလတွင်အနန္တတန်ခိုးရှင်သည် ဘေးအန္တရာယ်ဆိုးကိုသက်ရောက်စေတော်မူလိမ့်မည်။ ထိုနေ့ရက်သည်အဘယ်မျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း။[b] 16 ငါတို့သည်မိမိတို့၏ကောက်ပဲသီးနှံများ အဖျက်အဆီးခံရချိန်၌ပင်မည်သို့မျှမတတ်နိုင်၊ငေး၍ကြည့်နေရကြ၏။ ဘုရားသခင်၏ဗိမာန်တော်တွင်လည်းပျော်ရွှင်မှုမရှိတော့ပေ။ 17 မျိုးစေ့တို့သည်မြေခြောက်အောက်တွင်ပုပ်ပျက်၍သွားကြ၏။ သိုလှောင်ရန်ဂျုံဆန်မရှိတော့သဖြင့် ဟာလာဟင်းလင်းဖြစ်လျက်နေသောစပါးကျီများသည်ယိုယွင်းပျက်စီး၍နေကြ၏။ 18 ကျွဲနွားတို့သည်စားကျက်များမရှိသဖြင့်ဒုက္ခရောက်ကာမြည်တွန်နေကြ၏။ သိုးအုပ်များသည်လည်းဒုက္ခရောက်ရကြလေသည်။ 19 စားကျက်များနှင့်သစ်ပင်များသည် မီးသင့်လောင်သည့်အလားခြောက်သွေ့၍သွားကုန်၏။ သို့ဖြစ်၍ အို ထာဝရဘုရားကျွန်တော်မျိုးတို့သည်အထံတော်သို့ဟစ်အော်ကြပါ၏။ 20 စားကျက်များမီးသင့်လောင်ထားသကဲ့သို့ စမ်းချောင်းများသည်လည်းခန်းခြောက်၍သွားလေပြီ။ ထို့ကြောင့်တောတိရစ္ဆာန်များပင်လျှင်အထံတော်သို့ဟစ်အော်ကြပါ၏။
1 ဤဗျာဒိတ်တော်သည်ပေသွေလ၏သားယောလအား ထာဝရဘုရားပေးတော်မူသည့်ဗျာဒိတ်တော်ဖြစ်၏။